အသေးစား လေဖြတ်ခြင်း
ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့မှာ သွေးရရှိမှု ယာယီပြတ်တောက်သွားခြင်းကြောင့် ဦးနှောက်ဆီသို့ သွေးနဲ့ အောက်စီဂျင်ပမာဏ အရောက်နည်းသွားတဲ့အခါ လေဖြတ်ခြင်းလက္ခဏာတွေအတိုင်း အမြင်အာရုံလျော့ကျခြင်း၊ စကားပြောဖို့ ခက်ခဲခြင်း၊ မျက်နှာ၊ ခြေ၊လက်တို့မှာ ထုံကျဥ်ခြင်း၊ အားနည်းခြင်းများ ဖြစ်ပေါ်စေပါတယ်။
သို့သော် ဒီလက္ခဏာတွေဟာ မိနစ်ပိုင်း၊ နာရီပိုင်းမျှသာ ကြာမြင့်ကာ ၂၄ နာရီအတွင်း ပြန်ကောင်းသွားပါတယ်။ လေဖြတ်သလိုမျိုး ယာယီဖြစ်ပျက်သည့်အတွက် Transient Ischemic Attack ကို Mini-stroke လို့ခေါ်တွင်ပါတယ်။
ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကတော့…..
- မျက်နှာတစ်ခြမ်းရွဲ့ခြင်း- (ပါးစပ်ရွဲ့ခြင်း၊ မပြုံးပြနိုင်ခြင်း၊ မျက်စိစွေခြင်း)
- လက်မောင်း ထုံခြင်း၊ လက်မမြှောက်နိုင်ခြင်း
- စကားပလုံးပထွေးဖြစ်ခြင်း၊ စကားမပီတော့ခြင်း၊ စကားမပြောနိုင်တော့ခြင်း တို့ဖြစ်ပါတယ်။
ဖြစ်စေတဲ့ အကြောင်းအရင်းများ
- ဆေးလိပ်သောက်ခြင်း
- သွေးတိုးရောဂါ
- အဝလွန်ခြင်း
- ကိုယ်တွင်း ကိုလက်စထရောအဆီဓာတ် များခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- နှလုံးစည်းချက်မူမမှန်ခြင်း
- ဆီးချိုသွေးချိုရောဂါ
- အသက် ၅၅ နှစ်အထက် လူကြီးများ
မိနစ်ပိုင်း နာရီပိုင်းမျှနဲ့ ပြန်ကောင်းတယ်ဆို၍ မပေါ့ဆစေလိုပါ။ မိမိဘက်က အစားအသောက်၊ အနေအထိုင် မဆင်ခြင်ပါက နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်သလို တကယ့်လေဖြတ်ခြင်းအဖြစ် ဦးတည်သွားနိုင်ကြောင်း သတိပေးချက်တစ်ခုအနေနဲ့ မှတ်ယူရပါမယ်။
ယခုကဲ့သို့ ဦးနှောက်သွေးကြောမှာ လာရောက်ပိတ်ဆို့တားဆီးစေတဲ့ သွေးခဲ၊ အဆီခဲ၊ သွေးကြောကျဥ်းစေနိုင်တဲ့ အရာများ အားလုံး ရှောင်ရှားရပါမယ်။
လေဖြတ်ခြင်းကင်းဝေးပြီး အသက်ရှည်ကျန်းမာစေဖို့…
- ကျန်းမာကြံခိုင်သော ကိုယ်အလေးချိန်ကို ထိန်းပါ။
- အစားအသောက်မလွန်ကြူးစေဘဲ အာဟာရသင့်ရုံ၊ ခွန်အားဖြစ်စေရုံမျှ စားသုံးပါ။
- ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့် ရှိပါစေ။
- အရက်လျှော့သောက်ပါ၊ ဆေးလိပ်ဖြတ်ပါ။
လေဖြတ်ချင်သလိုဖြစ်ပြီလို့ သံသယရှိလျှင် လက္ခဏာများပြန်သက်သာသွားသည့်တိုင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသပါ။ သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါအခံရှိသူများ ဆေးအတိုးအလျှော့ညှိဖို့ လိုကောင်းလိုနိုင်ပါတယ်။ သွေးကျဲဆေး လိုနိုင်ပါတယ်။ ဦးခေါင်းကွန်ပြူတာဓာတ်မှန် ရိုက်ကြည့်ဖို့လိုပါမယ်။ ပေါ့ပေါ့တန်တန် မကျော်လိုက်ပဲ နီးစပ်ရာဆရာဝန်ဆီ သွားရောက်စစ်ဆေးမှု ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်။
ရေးသားသူ - Dr. MMT